လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

လက်ပံတန်း  မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် မြစ်ကမ်းပါးနှင့် ထိစပ်နေသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ ထုန်ပြန်လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိပေးကြေငြာချက်များ၊ ကြိုတင် ပြင်ဆင်ထားရှိရမည့် မိမိတို့ အိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းထားရှိရန်၊ မိသားစုများအရေးပေါ် ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံမှတ်ကို ကြိုတင်သတ်မှတ်ထားရန်၊ အရေးပေါ်သုံး ပစ္စည်းများနှင့် အသက်ကယ် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရန်၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရမည့် အချက်များဖြစ်သည့် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ခြင်းမပြုလုပ်ရန်၊ လေမုန်တိုင်းအနည်းငယ် အားလျော့နေချိန်တွင် အိမ်ပြင် ထွက်ခြင်းမျိုး မပြုလုပ်ကြရန်၊  မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် လိုက်နာရန် အချက်များ ဖြစ်သည့် မိသားစုဝင်များ ပျောက်ဆုံး ပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ အန္တရာယ်ရှိသော ဓာတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်များအောက်မှ ရှောင်ရှား နေထိုင်ကြရန်နှင့် သန့်ရှင်းသော သောက်သုံးရေကိုသာ သောက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထို့အပြင် မြို့နယ်မီးသတ် ဦးစီးမှူးရုံး လက်ပံတန်း၊ သာရဝေါ အရန်မီးသတ်စခန်းနှင့် ဇီးဖြူကုန်းနယ်မြေ မီးသတ်စခန်း များတွင်လည်း မုန်တိုင်းကျရောက်လာပါက လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်များကိုလည်း အဆင်သင့် ပြင်ဆင် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)