ငပုတော မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက သဘာဝဘေးမကျရောက်ခင် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ကျရောက်ပြီးပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အသင့်ပြင်ဆင်ထားကြရန် ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးသန်းဦးက သဘာဝဘေးမကျရောက်မီ စားနပ်ရိက္ခာများအပြင် ရေကိုဦးစားပေး ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်ရွှေက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသအလိုက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန်နှင့် နယ်မြေဒေသများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်တင်ပြဆွေးနွေးခဲ့ကြရာ သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နုနုအေး(ပြန်/ဆက်)