လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

လပွတ္တာ မတ်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ( ၁၁)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က လပွတ္တာခရိုင်အတွင်း မုန်တိုင်းဘေးအန္တရာယ် ဝင်ရောက်နိုင်သည့်အတွက် မုန်တိုင်းဘေးအန္တရာယ်သတိပေးခြင်း၊ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နို်ငရေးတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစည်သူစိုး၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မိုးသူယဉ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်တို့က ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် သတင်းပေးပို့မှု၊ သတင်းလက်ဦးရရှိမှုတို့နှင့် မုန်တိုင်းဖြစ်ပေါ်လာပါက ဆက်လက်ဆောင်ရွက်မည့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက မိမိဌာနများတွင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)