မိုးညို မတ် ၂၂
မိုးညိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မိုးညိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ဦးမင်းသိဒ္ဓိက ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားချက်အပေါ် မိမိတို့မြို့နယ် ကျေးရွာအုပ်စုများအနေဖြင့် မုန်တိုင်းအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများအလိုက်အသင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ ဆောင်ရွက်သွားနိုင်ရေး မီးသတ်ဦးစီးဌာနအနေဖြင့် ဇာတ်တိုက်လေ့ကျင့် ပြင်ဆင်ထားရှိရေး၊ လိုအပ်သော ပစ္စည်းများ အသင့်ပြင်ဆင် စုဆောင်းထားရှိရေး သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက ထောက်ပံ့ပေးနိုင်ရေး အရန်ဆန် ဆောင်ရွက်ထားရှိမှု သောက်ရေသန့်စီစဉ်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် မုန်တိုင်းသက်ရောက်မှု ခံစားရနိုင်သော ဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်ထားရှိမှုမှုများ ပြုလုပ်သွားနိုင်ရေး၊ ပြည်သူများအနေဖြင့် မုန်တိုင်းသတင်း ထုတ်ပြန်ချက်များကို မပြတ်နားထောင်ကြရန်လိုကြောင်း ၊ဌာနများအနေဖြင့် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ် ဌာနများက ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့မှ လိုအပ်သော ပစ္စည်းများအား ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)