သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဘိုကလေး မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ရွှေက သတင်းအမှား၊ အမှန်များအား ခွဲခြားသုံးသပ်နိုင်ရေး၊ Social Network အသုံးပြုရာတွင် မှန်ကန်စွာ အသုံးပြုတတ်စေရေးတို့အား ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်က လူငယ်နှင့် အားကစားဆိုင်ရာကဏ္ဍများ၊ လူငယ်များ ကျန်းမာ သန်စွမ်းရေးအတွက် အားကစားသည် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ တာဝန်ခံကျောင်းအုပ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းကျောင်း၏ လူငယ်များအား မြန်မာ့သိုင်း အခြေခံပညာရပ် ဖွင့်လှစ် သင်ကြားပို့ချနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအား ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဝန်ထမ်း များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)