ချောင်းဆုံ မတ် ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိပေးကြေညာချက်များကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ပင်လယ်ကမ်းနားရွာများဖြစ်သည့် နတ်မှော်၊ ဆယ်ပလာ၊ ဇီးကုန်း၊ ကလွီစသည့် ကျေးရွာတို့တွင် လှည့်လည်အသိပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် မိမိတို့ အိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းထားရန်၊ မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ်ထားရန်၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရန်၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရမည့် အချက်များဖြစ်သည့် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ခြင်း မပြုလုပ်ရန်၊ လေမုန်တိုင်းအနည်းငယ် အားလျော့နေချိန်တွင် အိမ်ပြင်ထွက်ခြင်းမျိုး မပြုလုပ်ကြရန်၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် လိုက်နာရန် အချက်များဖြစ်သည့် မိသားစုဝင်များ ပျောက်ဆုံးပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ အန္တရာယ်ရှိသော ဓာတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်းများ အောက်မှ ရှောင်ရှားနေထိုင်ကြရန်နှင့် သန့်ရှင်းသော သောက်သုံးရေကိုသာ သောက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မုဒွန်း၊ ရွာလွတ် အရန်မီးသတ်စခန်းများတွင်လည်း မုန်တိုင်းကျရောက် လာပါက လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကိုလည်း အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)