အမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမ်း    မတ်  ၂၁

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးဌေးအောင်က ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း  ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်းရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်ထုတ် ပြန်ထားပါ ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မုန်တိုင်းသက်ရောက်မှု ခံစားရ နိုင်သော ဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ်သလိုပြောင်းလဲ ဆောင်ရွက် စေခြင်း၊ ကောလဟာလ သတင်းများကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး သက်ဆိုင်ရာမြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီလုပ်ငန်း ဆပ်ကော်မတီများက သတင်းမှန်ကြေငြာစေခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့်အမျှပြောင်းလဲ ဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ချေရှိက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည် စိစစ်ပြင်ဆင်ခြင်းစသည့် ပြင်ဆင်ဆောင်ရွက် ရန်များကို ဆောင်ရွက်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်းဆွေးနွေးပြီး  လုပ်ငန်းကော်မတီ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်း သက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါး စေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးတို့အတွက် ပြင်ဆင်စုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက်  အမ်းမြို့နယ် ကဏာန်းပြင် အုပ်စုရှိ ကျေးရွာများ လက်ခွာဒွေ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်၍ ကျရောက် လာပါက ပြည်သူများအား ပြောင်းရွှေ့နိုင်မည့် နေရာများအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကပေါင်းစပ်ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)