ပြင်စလူမြို့၌ မုန်တိုင်းကျရောက်လာပါက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် cyclone shelter နှင့် စုရပ်နေရာများသို့ ပြောင်းရွှေ့ပေးလျက်ရှိ

ပြင်စလူ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မုန်တိုင်းကျ ရောက်လာပါက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်(၁၁:၀၀)အချိန်ခန့်က cyclone shelter နှင့် စုရပ်နေရာများသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်  အမှတ်(၁)ရပ်ကွက် အထက်တန်းကျောင်း ရှယ်တာနှင့် ဘကဘုန်းကြီးကျောင်း၊ အမှတ်(၂)ရပ်ကွက် ဆေးရုံ၊ အမှတ်(၃) ဘုန်းကြီးကျောင်းစသည့် စုရပ်(၄)နေရာခွဲ၍ ဆောင်ရွက်ထားရှိပြီး အဆိုပါနေရာများသို့ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအားပို့ ဆောင်ပေးလျက်ရှိသည်။

ထို့ပြင် ပြင်စလူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက သောက်သုံးရေများ ပြတ်လပ်မှု မရှိစေရန် ရေကန်များအတွင်း ရေများဖြည့်တင်းထားရှိခြင်း၊ ဆန်အိတ်ပေါင်း (၅၅)အိတ် ကိုလည်း သတ်မှတ်စုရပ်များဆီသို့ ခွဲဝေထားရှိခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အနေဖြင့်  မြို့အတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားပြီး သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသင့်စုဆောင်း ထားလျက်ရှိကြောင်းသိရသည်။

ယောဧရာ မြို့(ပြန်/ဆက်)