ရေဦး မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ကျေးရွာများတွင် ကြက်သွန်နီများ တူးဖော်လျက်ရှိရာ ကြက်သွန်တူးဖော်ချိန် ကြက်သွန်ဈေးနှုန်း အနည်းငယ်မြင့်တက် လာ၍ တောင်သူများ ၀မ်းသာလျက်ရှိကြောင်းသိရသည်။
ကြက်သွန်ဈေးနှုန်း မြင့်တက်လာချိန် ကြက်သွန်ရောင်းခဲ့သူ ကုက္ကိုလ်စုကျေးရွာ ကြက်သွန်စိုက် တောင်သူတစ်ဦးကလည်း" ယခင်နှစ်ကတော့ ရှုံးတယ်၊ ယခုနှစ်တော့ မဆိုးပါဘူး၊ ကြက်သွန် ဖော်နေချိန်မှာ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၅၀၀ နဲ့ရောင်းရတယ်၊ ကြက်သွန်နီစိုက်ထား တာကတော့ ၄ ဧကနီးပါးရှိပါတယ်၊ တစ်ဧကအနည်းဆုံး ကြက်သွန်နီပိဿာချိန် တစ်ထောင် ခန့်မှန်းထားတယ်၊ ဧကအားလုံးပေါင်းလျှင်တော့ ပိဿာချိန် လေးထောင်ကျော်ထွက်မယ်လို့ တွက်ထားတယ်၊ ရောင်းတန်း၀င် ကြက်သွန်နီဥပဲ တူးဖော်ခဲ့ပြီး ရောင်းပါတယ်၊ ရောင်းတန်း မ၀င်တဲ့ ကြက်သွန်နီဥအသေးလေးတွေကိုတော့ ချန်ထားခဲ့တယ်၊ ဧကပြတ်ရောင်းလိုက်တာဆိုတော့ အမြတ်ရငွေ မဆိုးပါဘူး၊ ငွေကျပ် ၆ သိန်းကျော် ၇ သိန်းလောက် တော့မြတ်လိမ့် မယ်ထင်တယ်၊ မနှစ်က ရောင်းလည်းမရောင်းရ၊ ဈေးနှုန်းကလည်းကျလို့ ကြက်သွန်စိုက်ရမှာ ၀န်လေးမိခဲ့တယ်၊ ဒီနှစ်သာဆက်ရှုံးလျှင် အကျွေးပတ်လည်ဝိုင်းမှာ သေချာတယ်၊ ကြက်သွန်က မဖော်ရသေးဘူး စိုက်ခင်းအပြတ် ရောင်းခဲ့ဝာယ်၊ ကြက်သွန်လည်းရောင်းရ ဈေးနှုန်းကလည်း အနည်းငယ်မြင့်တက်လာတော့အရှုံးမပေါ်ဘဲ အမြတ်ရတယ်ဆိုတော့ လုပ်ကိုင်ရကျိုး နပ်လို့ ၀မ်းသာခဲ့ရတယ် "ဟု ပြောသည်။
ရေဦးမြို့နယ်တွင် ယခင်နှစ်ကကြက်သွန်စိုက် တောင်သူများအရှုံးပေါ်ခဲ့၍ ယခုနှစ်တွင် ကြက်သွန်စိုက် တောင်သူနည်းပါးလာခဲ့ ကြောင်း ယခုနှစ်တွင် တစ်မြို့နယ်လုံးအနေဖြင့် ကြက်သွန်စိုက်သည့် ကျေးရွာတောင်သူဦးရေ ၉၀ ဦးကျော်သာရှိကြောင်း၊ အထွက်နှုန်းကောင်းသော်လည်း အစောပိုင်းကြက်သွန်နီစိုက် တောင်သူအချို့ ဈေးကောင်း မမီလိုက်ပါဘူး၊ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၂၃၀ မှ ၃၅၀ ကျပ်အထိပဲ ရောင်းချခဲ့ရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးနည်းပညာပြန့်ပွားရေး စခန်း တာ၀န်ခံက ပြောသည်။