အင်္ဂပူ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ မုန်တိုင်းဝင်ရောက်လာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ကစ၍ တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ပြင် ဆင်ထားရှိကြောင်းသိရှိရသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အင်္ဂပူမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ၊ မြစ်၊ ချောင်း ကမ်းပါးအနီးနေထိုင်သူများ၊ ရေလုပ် သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများ အနီးတွင်နေ ထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်း စေရေး သတိပြုနေထိုင်ကြရန်နှင့် တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဘေးလွတ်ရာတွင်နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များအား လေမိုးလွတ်ရာ နေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများပျက်စီးဆုံး ရှုံးမှုမဖြစ်စေရေး လုံခြုံစွာ ထုတ်ပိုးထားရန်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ ဝင်များကို အသင့်စုဖွဲ့ထားရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီးကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးထံမှ သိရှိရသည်။
မန်းကျော်(မြို့နယ်ပြန်/ဆက်)