ကျောက်တံခါး မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမ၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလေးမအားကစားနှင့် မြန်မာ့သိုင်းအားကစား သရုပ်ပြပွဲများကို ယမန်နေ့နေ့လယ်က ကျင်းပပြုလုပ်သည်။
အဆိုပါ(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် အလေးမ နှင့် မြန်မာ့သိုင်းအားကစားသရုပ်ပြပွဲကို မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး မနှင်းဖြူက မြန်မာ့သိုင်းနှင့် အလေးမအားကစားသရုပ်ပြပြီး မသဇင်ဦးက အလေးမအားကစားသရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
ယခုကဲ့သို့ အားကစားသရုပ်ပြပွဲဆောင်ရွက်ခြင်းသည် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒေါ်မိုးသူဇာက ပြောကြားသည်။
ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့ များနှင့်နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်(ပြန်/ဆက်)