ငါးသိုင်းချောင်း မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူများ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်သတိပြုကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများတွင် အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်ကြေညာ ခြင်း၊ ငဝန်မြစ်ကမ်းတစ်လျှောက်ရှိ ရပ်ကွက်များအတွင်းရှိ လမ်းပိုင်းများတွင် (Hand speaker)များ ဖြင့် လိုက်လံအသိပေး ကြေညာခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ သဘာဝဘေး တားဆီးကာကွယ်ရေးအဖွဲ့၊ မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့ အသံ ချဲ့စက်ယာဉ်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နယ်မြေမီးသတ်စခန်း၊ မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့က အဆက်မပြတ် သတိပေးနှိုးဆော် ကြေညာမှုများ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက နယ်မြေ မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့အင်အား(၃၅)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်စုစည်း ဆောင်ရွက်ထားရှိပြီး ငဝန်မြစ်ကမ်းဘေးတစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများသို့ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ရေးနှင့် အရေးပေါ် ယာယီကယ်ဆယ်ရေးစခန်းများကိုလည်း ရွှေ့ပြောင်းပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)