ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပါအချက်အလက်များကို အသိပညာပေးဟောပြော

ဝါးခယ်မ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်မိုးဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေသော မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပါ အချက်အလက်များ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့မစျေးခေါင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေသော မုန့်မျိုးစုံဆိုင် လုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်တာဝန်ခံက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များနှင့်ပတ်သက်သော လက်ကမ်းစာစောင်များကို ဝေပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်လုပ်ငန်းရှင်များ သိလိုသည့်အချက်များ မေးမြန်းမှုကို စားသုံးသူရေးရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။

ရီရီလွင်(ပြန်/ဆက်)