မြောင်းမြမြို့နယ်တွင် Bakery နှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မြောင်းမြ   မတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့  ပူးပေါင်း ဖွင့်လှစ်သော Bakery နှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပညာရာမိက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးကအဖွင့် အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးစီးမှူး ဒေါ်အိန္ဒြချမ်းမြေ့က အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်များဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ Bakery နှင့် Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် သင်တန်း နည်းပြဆရာမ ဒေါ်အိန္ဒြာချမ်းမြေ့ (ဦးစီးမှူး)နှင့် ဒေါ်လှလှဝင်း(ဒုဦးစီးမှူး)တို့က သင်တန်းသူ (၂၀)ဦးတို့ကို မြေပဲမွကြော်၊ ပဲချောင်းအဆိမ့်ကြော်၊ ပြောင်းဖူးပေါက်ပေါက်၊ ပဲမုန့်၊ ဖရုံမုန့်၊ အငန်မုန့်၊ သီးစုံကိတ်၊ Chiffon Cake၊ Cookies၊ Donuts မုန့်လုပ်နည်း(၁ဝ)မျိုးတို့ကို (၂ဝ.၃၂၀၂၂) ရက်နေ့မှစ၍ (၃၀.၃.၂၀၂၂)ရက်နေ့အထိ(၁၀)ရက်ကြာ သင်ကြားပို့ချ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ကေခိုင်စိုး(မြောင်းမြ)