အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day Off Forests) အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဇေယျာသီရိ  မတ် ၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International Day Off Forests) အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းသစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင်  ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျက်ရှိပါကြောင်း၊ မြေထုရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးများ မကြာခဏ လောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံ တွေ့လျက်ရှိပါကြောင်း၊ ကမ္ဘာနဲ့အဝှမ်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ သစ်တောတွေရဲ့ အရေးကြီးသည့် အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြုလာကြပြီး သစ်တောများမှ အထောက်အပံ့ပြုနေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများဖြင့် တန်ဖိုးတွေကိုရေရှည် တည်တံ့အောင် ကြိုးပမ်းဆောင်ရွက် လာကြပါကြောင်း၊ ယခုနှစ် ၂၀၂၂ ခုနှစ် အတွက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အနေဖြင့် Forests and Sustainable Production and Consumption “မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲ ထာဝစဉ်” ဖြစ်ပြီး သစ်တောသယံဇာတများကို ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းဖို့၊ စနစ်တကျ ထုတ်ယူသုံးစွဲရေးအတွက် အဓိကရည်ရွယ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အမှတ်စဉ် ၁၂ (Sustainable Development Goal-SDG 12) ကို အထူးပြု ရည်မှန်းထားခြင်း ဖြစ်ကြောင်း၊ သစ်တောများကို ရေရှည်တည်တံ့စေသည့်  သစ်တော စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောသယံဇာတ စနစ်တကျ အသုံးပြုခြင်းသည် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လက်ရှိအနာဂတ် မျိုးဆက်များ၏ ကောင်းကျိုးချမ်းသာအတွက် အဓိက သော့ချက် တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု လျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးတို့အတွက် သစ်တောကဏ္ဍပြုပြင် ပြောင်းလဲမှုများစွာကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ မိမိတို့ဝန်ကြီး ဌာနနဲ့အတူ ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံး ပူးပေါင်း ပါဝင်မှသာ အောင်မြင်နိုင်မှာ ဖြစ်သည့်အတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International Day Off Forests) အထိမ်းအမှတ် Short Video Clip ပြသခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းထူးချွန်ဆု၊ အုပ်ချုပ်ရေးမှူးများ ထူးချွန်ဆုများကို ချီးမြှင့် ခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day Off Forests) အထိမ်းအမှတ် ပိုစတာများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း