နမ့်စန်(တ) မတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက် ကြီးကြပ် ရေးမှူး ဦးအေးချမ်းနိုင်က လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)