လဲချား မတ် ၂၁
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာအလယ်တန်း/ အထက်တန်း ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ လွိုင်လင်ခရိုင် လဲချားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး(ကိုယ်စား) အထကကျောင်းအုပ် ဆရာမကြီးဒေါ်မိုးစန္ဒာလွင်က ဟောပြောခဲ့ရာ “စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်” ခေါင်းစဉ်ဖြင့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင် ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမဆိုသည့် အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြီးဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း”စသည်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေ က “ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဆက်လက်ဟောပြောခဲ့ရာ “ လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ် နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်၍ မျိုးဆက်သစ်တို့ တိုးတက်ကြဖို့ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို များများလေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများတွင်လည်း ကျောင်းစာများ ခဏနားထားရတုန်း ပြင်ပ ဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စာသင်တန်း၊ ပန်းချီသင်တန်း စသော မိမိအတွက် အကျိုးဖြစ်ထွန်းစေမည့် သင်တန်း တစ်ခုခုကို တက်ရောက်ကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မိမိတို့၏စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ကိုလည်း တစ်ဖက်တစ်လမ်းမှ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသကဲ့ သို့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးသွားနိုင်ဖို့လည်း အရေးကြီးပါကြောင်း၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာဖြစ်သလို ယဉ်ကျေးမှုစံနှုန်း မြင့်မားလာလေလေ လူ့တန်ဖိုးပိုတက်လာလေလေဖြစ်ပါကြောင်း၊ လူ့တန်ဖိုးတက်လာခြင်း က လူ့ဘောင်အဖွဲ့ အစည်းကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များသည် Facebook အသုံးပြုရာတွင် အွန်လိုင်းမှာ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းယောင်များကို အမှန်ထင်မှတ်ပြီး အတွေးမှား၊ အမြင်မှားတွေ ဝင်လာကြမှာကို စိုးရိမ်မိပါကြောင်း၊ စာဖတ်အားကောင်းပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံနေမည်ဆိုပါက သတင်းအမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး သတင်းတုမှန်း ချက်ချင်းသိနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရည်အသွေးကောင်းများ သားတို့၊ သမီးတို့ဆီမှာ ကိုယ်စီရှိနေ ကြမည်ဆိုပါက အနာဂတ်နိုင်ငံတော်ကို စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ် တွေက ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ်တည်နိုင်အောင် ကြိုးစားသွားနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်း (နည်းစနစ်မှူး)က “လူငယ်နှင့်အားကစားစိတ်ဓာတ်မြှင့်တင်ရေး”ခေါင်းစဉ်ဖြင့် ဟောပြောရာ လူငယ်များသည် နွေရာသီအားလပ်ရက်ရှည်ကာလတွင် လူငယ်ရေးရာ ဆွေးနွေးပွဲများ၊ ရပ်ရွာအခြေပြု ပရဟိတလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ အားကစားသင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထိုသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းမှာ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန် ဆက်)