ဘူးသီးတောင်မြို့၌ စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျသုံးစွဲရေး တောင်သူ ပညာပေး ဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင် မတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေး တောင်သူပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပိုးသတ်ဆေးနှင့် ဆက်နွယ်သည့် တောင်သူများ၊ အရောင်းဆိုင်များ၊ ပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် ပြဌာန်းထားသည့် တည်ဆဲဥပဒေများအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကမ္ဘာကြီး ရေရှည်ကျန်းမာရေးအတွက် အလွှာပေါင်းစုံ နှင့်လက်တွဲ၍ အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက ပိုးသတ်ဆေးနှင့်ပတ်သက်၍ တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လှိုင်က ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျကိုင်တွယ် သုံးစွဲနည်းများနှင့် ပတ်ဝန်းကျင်အန္တရာယ် ကင်းရှင်း ရေးသိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်တောင်သူများ၊ ပိုးသတ်ဆေး အရောင်းဆိုင်ရှင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း( ၆၅ ) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

လှကျော် ( ပြန်/ ဆက်)