မော်လမြိုင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နှိုးဆော်ကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင် မတ် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်မီးသတ် ဦးစီးဌာနက ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တန်းရပ်ကွက်၊ မုပွန်ရပ်ကွက်၊ ချောင်းဆုံတံတားအောက်၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဘိုဘို၀င်းအဖွဲ့၊ ရွှေတောင်အဖွဲ့နှင့် မြိုင်သာယာအဖွဲ့ အဖွဲ့သုံးဖွဲ့ ဖွဲ့စည်း၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ ဘိုဘို၀င်း လူမှုကယ်ဆယ်‌ရေး အဖွဲ့၀င်များ ပူးပေါင်း၍ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန် အချက်များ၊ ရှောင်ရှားရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်များဖြင့် သတိပေး စနစ်များအား Hand Speaker ဖြင့် လှည့်လည်နှိုး‌ဆော် ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)