မုဒုံ မတ် ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလမ်းတစ်လျှောက် လူစည်ကား ရာနေရာများ၊ ဈေးများနှင့် ပင်လယ်ကမ်းစပ်အနီး ကျေးရွာများသို့ သွားရောက် နှိုးဆော်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း သတိပေးချက်ရလျင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည် သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များအား အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခဲ့ပြီး မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)