ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကြက်ဟင်ခါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးနှုန်းသင့်တင့်စွာရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြက်ဟင်းခါးပင်သည် စိုက်ပျိုးပြီး ရက်ပေါင်း(၃၀)ခန့်တွင် အပွင့်များစတင်ပွင့်ပြီး (၄၅)ရက်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အပင်အပြုအစုကောင်းပါက ခူးဆွတ်ရောင်းချချိန် (၅)လမှ (၆)လအထိ ကြာမြင့်ကြောင်း ကြက်ဟင်းခါးမျိုးထုပ်တစ်ထုပ် စိုက်ပျိုးထားပါက စတင်ခူးချိန်တွင် အချိန်(၁၅)ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် ပိဿာ (၇၀)မှ(၈၀)ခန့်အထိ ခူးဆွတ်ရ ကြောင်း၊ ခူးဆွတ်ရာတွင် (၄)ရက်ခြား၊ (၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာ(၇၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ဈေးအမျိုးမျိုးရောင်းချရကြောင်း၊ ပန်တံဆိပ် တစ်သုံးလုံး ကြက်ဟင်းခါးမျိုး စိုက်ပျိုးရောင်းချသည့် ကျောက်းကုန်းကျေးရွာမှ တောင်သူဦးသန်းဌေးက ပြောပြသည်။
ကြက်ဟင်းခါးစိုက်ပျိုးပါက သဘာဝမြေဩဇာနွားချေးများဖြင့် စနစ်တကျ မြေပြုပြင်ပြီး အညွှန့်များဖြာထွက်ချိန်တွင် နေရောင် ခြည်ကောင်းစွာ ရှိစေရန်အတွက် (၆)ပေခန့်အကွာ တိုင်များစိုက်ပြီး (၅)ပေအမြင့် စင်များပြုလုပ်ကာ တိုင်ခြေနှင့်တစ်ထွာအကွာတွင် မြေကျင်းများတူးပြီး အစေ့တိုက်ရိုက်ချကာ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များဖြစ်ထွန်းမှုကောင်းစေရန်အတွက် စိုက်ပျိုးပြီး(၁၅)ရက်အကြာတွင် အပင်ခြေများ၌ အာမိုမြေဩဇာအသင့်အတင့်ဖြူးကာ ရေသွင်းပေးရကြောင်းနှင့် ကြက်ဟင်းခါးသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးပါက ကုန်ကျစရိတ်နည်းပါးပြီး အမြတ်ငွေများသော သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)