မြို့သစ်မြို့နယ်တွင် လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မြို့သစ် မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေးရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့က အသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖြင့် ပြည်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်မင်းက ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်း ပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာအလိုက် သင်တန်းများကိုတက်ရောက်နိုင်ပါကြောင်းအသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါလူငယ်ဘက်စုံဖွံ့ဖြိုးရေးအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ  ၁၅၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

သန်းဝင်းထွန်း(ပြန်ဆက်)