ပင်းတယ မတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါဒေသအဆင့် လျာထားချက် ပြည့်မီကျော်လွန်အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသည့် မဲစာရင်းရရှိရေး ကိုင်ဆောင်လက်မှတ်နံပါတ်များ ပြည့်စုံရေးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်မီ ကျော်လွန်ခဲ့ကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပြည်သူ့အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှု၍လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကောင်းများကို မျက်ဝါးထင်ထင်သိစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းတို့အား ပြောကြားခဲ့သည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးမင်းမင်းဇော်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ရပ်ကွက်ကျေးရွာအုပ်စုများမှ ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်သူတစ်ဦးမှ သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးရမည့် လျာထားလူဦးရေ စုစုပေါင်း (၁၂၃၀၇)ဦးရှိရာ ယခုအခါ လူဦးရေ (၁၂၃၆၀) ဦး ဆောင်ရွက် ပြီးစီးခဲ့သည့်အတွက် ရာနှုန်းပြည့်ထက် ကျော်လွန်ဆောင်ရွက်နိုင်ခဲ့သော ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်