ဗန်းမော် မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို မတ် ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ဗန်းမော်မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသီသီခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေးမထိုးနှံမှီ စာရင်းများကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ မတ်လမှ ဧပြီလအတွင်း COVISHIELD နှစ်ကြိမ်ထိုးနှံပြီးခဲ့သည့် ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ဗန်းမော်မြို့တော်ခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လည်ကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အတွင်း Phase 1 ထိုးနှံပြီးသူများအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှစတင်၍ ၎င်းထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ