နတ်​မောက်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 နတ်မောက်    မတ်   ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဘတ်ဂျက်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၅၀၀) နှင့် ပြည်သူ ထည့်ဝင်ငွေတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေကွေ့ကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာ၊ စည်သာကျေးရွာ၊ တမလန်း ပင်ကျေးရွာနှင့် ပိတောက်ငုတ် (ရွာလေး) ကျေးရွာများတွင် ကျေးရွာအတွင်း လမ်းခင်းခြင်းလုပ်ငန်း၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ​မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများပံ့ပိုးကာ ကျေးရွာ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း  VDP ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းက Pilot Prpject အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၁-၂၀၂၂ ခု (၆) လ ဘတ်ဂျက်အထိ ကျေးရွာပေါင်း (၆၀) ရွာ ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် (၁၀) သန်း၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသူရထံက သိရသည်။

သင်းသင်းမြတ်