မြင်းမူ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကန်ဖျားကျေးရွာ (ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ)တွင် တောင်သူများအတွက် နည်းပညာပေး လုပ်ငန်းအဖြစ် လယ်ယာထွက် ကုန်ကြမ်းစပါးခွံဖြင့် ပေါင်းခံရည် ပြုလုပ်သုံးစွဲနည်းအား မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွယ်ကူစွာပြုလုပ်နိုင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများအတွက် များစွာအကျိုးပြုနိုင်သည့် နည်းပညာတစ်ရပ် ဖြစ်ပါကြောင်း၊ အသုံးပြုရမည့် ပစ္စည်းများကိုလည်း ပြသပေးထားပါကြောင်း၊ အဓိကကတော့ စပါးခွံများကို မီးရှို့ကာ ပိုက်မှ ထွက်ရှိလာသည့် ပေါင်းခံရေကို ရယူခြင်းပင်ဖြစ်ကြောင်း၊ နည်းပညာများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဘွဲ့ရအသင်းမှ လာရောက်ပြသပေးခဲ့ခြင်းကာ ပေါင်းခံရည် ပြုလုပ်သည့် ပစ္စည်းများကို ပံ့ပိုးကူညီပေးထားခြင်းကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံ နည်းပညာပြန့်ပွားရေးအတွက် ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးထံမှ သိရသည်။
ပေါင်းခံရည်ထွက်ရှိမှုအနေဖြင့် စပါးခွံတင်း(၄၀)လျှင်(၁၀)လီတာခန့်ရရှိနိုင်ပြီး အသုံးပြုရန် အတိုင်းအတာ အနေဖြင့် ပေါင်းခံရည်(၁)လီတာအား ရေ(၅ဆမှ၁၀)အထိရောစပ်ကာ အပင်ငယ်များကို သေစေနိုင်သည့် ပေါင်းသတ်ဆေးအဖြစ် လည်းကောင်း၊ ရေ(၅၀၀ဆမှ၇၀၀)အထိ ရောစပ်အသုံးပြုပါက အမြစ်/ အရွက်/ အသီး/ အပွင့် အားကောင်းစေသည့် အပင်အားဆေးအဖြစ် လည်းကောင်း၊ စားဖိုချောင်သုံး ဟင်းချက်ပစ္စည်းများနှင့် ရောစပ်ကာ မှိုနှင့်အခြားပိုးမွှား အန္တရာယ် ကာကွယ်ဆေးများအဖြစ် ပြုလုပ်သုံးစွဲနိုင်သော ဘက်စုံသုံး ပေါင်းခံရည် ဆေးဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။
အောင်စိုးဖေ(မြင်းမူ)