(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ သံတွဲခရိုင် လူထုအခြေပြုဗဟို ဌာန(Community Centre)၌ကျင်းပ

သံတွဲ မတ် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာ စကားပြောကြားသည်။ဆက်လက်၍ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  ကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ပြုင်ပွဲကျင်းပရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၏ လုပ်ငန်းဆောင် ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နာယကဦးလှဟန်၊ ဒုဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒေါက်တာ စိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမပွဲ စဉ်ယှဉ်ပြိုင် ကစား နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကိုမတ်  ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲတွင် ပထမဆု (၅)သိန်းကျပ်၊ ဒုတိယဆု(၃) သိန်းကျပ် ၊ တတိယဆု (၂)သိန်းကျပ်နှင့် အကောင်းဆုံးအားကစားသမားဆု နှစ်ဆုအား တစ်ဆုလျှင် (၁)သိန်းကျပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)