မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိ

လေးမျက်နှာ   မတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနက မတ်လ ၂၀ နေ့ကစ၍ အသင့်စုဖွဲ့ ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။

လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ငဝန်မြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေး လုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်း ကျရောက် ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦးများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီး ဆုံးရှုံးမှု မရှိစေရန် ကြိုတင် သိမ်းဆည်း ထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများရေကြီး ရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာ တွင် နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များ လေမိုးလွတ် ရာနေရာတွင် ပြောင်းရွေ့ထားရှိ ကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင် ပြောင်းရွေ့ထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ လမ်းညွှန် မှုဖြင့် ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးနှိုး ဆော်လျက်ကြောင်း သိရှိရ သည်။

ထို့အပြင် လေးမျက်နှာမြို့နယ်အတွင်းရှိ မီးသတ်စခန်းအသီးသီးတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ အုပ်ချုပ် ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)