ကြံခင်းမြို့တွင် မုန်တိုင်းသတိပေးချက်အား ပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်

ကြံခင်း  မတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင်  မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေး ထုတ်ပြန်ချက်အား ပြည်သူများသတိပြုသိရှိ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး   မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံများနှင့် လူစည်းကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ် သတိပေးချက်တွင် ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာ ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်(Depression) လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည်ဖြစ်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်းနှင့် နောက် (၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဆင့်မှ (၃၆)နာရီတွင် ဆိုင်းကလုန်းမုန်တိုင်း အဖြစ် ရောက်ရှိမည်ဟု ခန်းမှန်းချက်များအရ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ပြည်သူများ ကြိုတင်သတိပြု ပြင်ဆင်ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ ကောက်ပဲသီးနှံများကို အချိန်မီ ရိတ်သိမ်းပြီး လုံခြုံစွာ ထုတ်ပိုး သိမ်းဆည်းထားနိုင်ရန်နှင့် မြစ်ချောင်းများအနီး နေထိုင်သော ပြည်သူများ အနေဖြင့် အထူးဂရုပြု ပြင်ဆင်ဆောင်ရွက်နိုင်ရန် လိုက်လံအသိပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှဝန်ထမ်းများ မြို့နယ်မီးသတ် ဦးစီးမှုး ဦးကိုကိုနိုင် နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသက်ကယ်ပစ္စည်းများအား အသင့်အနေအထား ပြင်ဆင်ဆောင်ရွက်ထားကြောင်းကိုလည်း မြို့နယ်မီးသတ်ဦးစီးမှုးထံမှသိရသည်။

မိုးမိုး(ပြန်/ဆက်)