ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသ

ပြည် မတ် ၂၁

၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသခြင်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက(၁)၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများက ခေတ္တယာယီ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ဆိုင်ရာသိကောင်းစရာများနှင့် သဘာဝဘေး၊ အပူဒဏ်ကာကွယ်ရေး၊ လူငယ်နှင့် မူးယစ်ဆေးအန္တရာယ်သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသစာအုပ်စာ‌စောင်မျိုးစုံတို့ကို ခင်းကျင်းပြသထားရှိရာ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ အထက(၁)မှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၄၀၀ ခန့် ကြည့်ရှု‌ လေ့လာခဲ့ကြကြောင်းနှင့် နယ်လှည့်စာကြည့်တိုက်မှ ဖတ်ရှုလိုသော စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)