မိုင်းယန်း မတ် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ များတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက် လမ်းတံတားလုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့နယ်၊ မြို့နှင့်အလှမ်းဝေးသည့် ယမ်းကောင်ကျေးရွာအုပ်စု အတွင်းရှိ ဝမ်ယို့မိုင်-နာကျော့ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မိုင်းယန်းမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဝေထံမှ သိရသည်။
အဆိုပါ သံကူကွန်ကရစ်တံတားသည် အရှည်ပေ ၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၀.၆ ပေ ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လပတ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၃.၁၇၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် ယာမီထွန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားပြီးစီးပြီဖြစ်၍ ဝမ်ယို့မိုင်ကျေးရွာနှင့် နာကျော့ကျေးရွာတို့မှ အိမ်ခြေ (၁၀၀)၊ လူဦးရေ (၆၅၀) ဦးတို့အတွက် ရာသီမရွေးအဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေ၊ စီးပွားရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)