မိုင်းခုတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ(၁)ကျေးရွာ၌ ယမန်နေ့နံနက် ၄ နာရီခန့်က မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၂၄)လုံးမီးလောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု(၂၈)စု အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့ကသွားရောက်ကြည့်ရှုကာ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၂၈)စု၊ ကျား(၇၀)ဦး၊ မ(၆၄)ဦး၊ ပေါင်း(၁၃၄)ဦးအား ယာယီနေထိုင်နိုင်ရန် နေရာစီစဉ် ဆောင်ရွက်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငါးသတ္တာဗူးနှင့် ခေါက်ဆွဲခြောက်များအား လည်းကောင်း၊ ခရိုင်ကြက်ခြေနီအဖွဲ့မှ တာဘော်လင် မိုးကာကြီး(၂၄)ထည်၊ ၁၀ လီတာဆန့်ရေပုံး (၂၄)ပုံးနှင့် ဆေးရည်စိမ်ခြင်ထောင်(၂၄)လုံးအားလည်းကောင်း၊ ဝမ်ကောင်းကျေးရွာပြည်သူ့ စစ်ခေါင်းဆောင်မှ (၂၄)ပြည်ပါ ဆန်အိတ်(၁၃)အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)