မြန်အောင်၌ မုန်တိုင်းငယ်သတိပေးချက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ

မြန်အောင်   မတ်   ၂၁

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်း အန္တရာယ် သိရှိရန်အတွက် ယမန်နေ့ညက မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်မှုဖြင့်  မြို့နယ်ပြန်/ဆက် ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ဧရာဝတီမြစ်ကမ်း အနီးနေထိုင်သူများ ၊ ရေလုပ် သားများ၊ မော်တော်များနှင့်ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီး များအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျ ရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြု နေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦးများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရန် ကြိုတင်သိမ်း ဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များ လေမိုး လွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများပျက်စီးဆုံး ရှုံးမှုမဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန်  အသိပေးနှိုး ဆော်ထား ကြောင်း သိရှိရသည်။

ဝင်းဗိုလ် မြန်အောင်