မလှိုင်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်/ဆင်း စစ်ဆေး

မလှိုင် မတ်၂၁

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်နှင့်  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းကို  ယမန်နေ့က မလှိုင်မြို့ ၊ အမှတ်(၁) ရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည်  အမှတ်(၁)ရပ်ကွက်ရှိ လူနေအိမ်နှင့် အလုပ်ရုံများသို့ သွားရောက်၍  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ ၊ သဲနှင့်လှေကါး အဆင်သင့်ထားရှိရေး၊ မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေး ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ တပ်ဆင်အသုံးပြုရန် ၊ အပြင်သွားပါက လျှပ်စစ်မိန်းခလုတ်များ ချသွားရန်နှင့် လျှပ်စစ်ဝါယာလျော့ဖြစ်ပါက ရေနှင့် ငြိမ်းသတ်၍ မရကြောင်း အသိပေးရှင်းလင်းခြင်းများ ပြောကြားခဲ့သည်။ ထို့နောက် မီးဘေးအန္တရာယ်ဖြစ်ပွားပါက လက်ဦးမှုရယူနိုင်ရန်နှင့် ရေနှင့် မငြိမ်းသတ်နိုင်သော နေရာများတွင် အသုံးပြုနိုင်ရန်  မီးသတ်ဆေးဗူးများ ဆောင်ထားသင့်ကြောင်း အကြံပြုဆွေးနွေးပြီး မီးသတ်ဆေးဗူးအသုံးပြုနည်းများ ကို ရှင်းလင်းပြောကြားခဲ့သည်။   

မလှိုင်မြို့နယ် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်  ကြိုတင်ဆောင်ရွက်ထားရမည့်  လုပ်ငန်းများ ဆောင်ရွက်ထားခြင်း  ရှိ/မရှိ  စစ်ဆေးခြင်းကို မြို့ပေါ်ရပ်ကွက်များတွင်  သတ်မှတ်ရက်အတိုင်း တစ်အိမ်တက် ၊ တစ်အိမ်ဆင်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အောင်ဌေး(မလှိုင်)