ဖားဆောင်းမြို့နယ် ​​​​ဝမ်​အောင်းကယား​ကျေးရွာတွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်

ဖားဆောင်း မတ် ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံကြ​စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ​ယမန်​​နေ့နံနက်(၁၀)နာရီက မြို့နယ်ကိုဗစ်-၁၉​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ ​​ဝမ်​အောင်းကယား​ကျေးရွာတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​ လိုက်လံနှိုးဆော်ခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် မြန်မာနိုင်ငံ၊ ကယားပြည်နယ်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံမှုများ ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို  ဆက်လက်ကာကွယ် တားဆီးနိုင်ရန် နှင့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးအကြိမ် ပြည့်ထိုးနှံကြရန်၊ ဖားဆောင်းမြို့နယ် ​​​​​ဝမ်​အောင်းကယား​ကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များကို  မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် စဉ်ဆက်မပြတ် နှိုး​ဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)