စစ်တွေ မတ် ၂၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါကြောင်း၊ ထိုမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်း ရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်း သတိပေးချက်ထုတ် ပြန်ထားပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် မုန်တိုင်းသက်ရောက်မှု ခံစားရနိုင်သော ဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင် ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ်သလို ပြောင်းလဲ ဆောင်ရွက်စေခြင်း၊ ကောလဟာလ သတင်းများကြောင့် ပြည်သူများအထိတ်တလန့် မဖြစ်စေရေး သက်ဆိုင်ရာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက သတင်းမှန် ကြေငြာစေခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့်အမျှပြောင်းလဲဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ချေရှိပါက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာ နေရာများအား ပြန်လည်စိစစ်ပြင်ဆင်ခြင်းစသည့် ပြင်ဆင်ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်း ဆွေးနွေးပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ(၁၂)ခုက တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းသက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါးစေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ပြည်နယ် ဝန်ကြီးများက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ အတွက် ပြင်ဆင်စုဆောင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက ခိုလှုံရာနေရာများ တည်ဆောက်ထားရှိမှုနှင့် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ပြည်သူများအား ပြောင်းရွှေ့နိုင်မည့် နေရာများ အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ ကော်မတီအလိုက်၊ ခရိုင်အလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသော တပ်မတော် အရာရှိကြီးများနှင့် ဌာဆိုင်ရာတာဝန်ရှိသူများက မုန်တိုင်း အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)