ရမ်းဗြဲ မတ် ၂၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့ နယ်ဦးစီးမှူးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ ဟုံးဝကျေးရွာအုပ်စုသို့ သွားရောက်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသန်းမင်းထွဋ်ပါ ဝန်ထမ်း(၃)ဦးမှ ဟုံးဝကျေးရွာ အုပ်စုအတွင်းမှ ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်အရ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်နှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအနေဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းခွဲပေးခြင်း၊ မွေးဖွားမှု သေဆုံးမှုများကို စာရင်းရေးသွင်းခြင်း ထုတ်ပယ်ခြင်း၊ ပျောက်ဆုံး/ ပျက်စီးမှုများကို မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသောသူများအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိ ပြည်သူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ဟုံးဝကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)