ကျွန်းစု မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးတက် ဖွံ့ဖြိုးစေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက လူငယ်များသည် အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်ပါကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများသည် ဗလငါးတန်ဖွံ့ဖြိုးဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုး၍ မျိုးချစ်စိတ် အပြည့်ရှိဖို့ လိုအပ်ပါကြောင်း၊ နွေရာသီကျောင်းပိတ် ရက်များတွင် မိမိအတွက် အကျိုးရှိသော သင်တန်းများကို တက်ရောက်ကြရန်နှင့် စသည်တို့ကို ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးဖြိုးဝေလင်းက ကျောင်းသား/သူများ အနေဖြင့် ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် မြို့နယ် အား/ကာရုံးနှင့် မြို့နယ်ပြန်/ဆက်ရုံးတို့၌ စာရင်းပေးသွင်းနိုင်ကြောင်း ရှင်လင်း ပြောကြားခဲ့သည်။
စည်သူရအောင်(ကျွန်းစု)