ကျောက်တော် မတ် ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီ အချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေး ဆော်သြခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ရာတွင်မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များဖြစ်သော ပြည်တော်ရပ်ကွက်၊ ရှမ်းရွာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အလယ်စုရပ်ကွက် စသော မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးသတိရှိစေရေး တို့အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်အတွက် နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်နှင့် မီးသတ်ဆေးဗူး စသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ အသင့်ထားရှိရေးအပြင် ထင်း၊ မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ မီးငြိမ်းသတ် ကြရန်၊ နေအိမ်များအတွင်း လောင်စာဆီများ သိုလှောင်ခြင်းမပြုကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် အသိပေးဆော်သြခဲ့ပြီး အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးဆော်သြခြင်းလုပ်ငန်းအား အပတ်စဉ်လှည့်လည် ဆော်သြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း