ဒလ မတ်၂၀
ဒလမြို့နယ်၌ မုန်တိုင်းငယ်(Depression) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မုန်တိုင်းငယ်(Depression)မဝင်ရောက်လာခင် ကြိုတင်ကာကွယ်ရေး အသိပေးချက်များကို လုပ်ဆောင်ရန်၊ ပြည်သူလူထုသို့ တိုက်ရိုက်သိရှိအောင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ရန်၊ ကျန်းမာရေးအနေဖြင့် လည်း မုန်တိုင်းဝင်ရောက်လာပါက လိုအပ်မည့် ဆေးဝါး ကိရိယာများနှင့် ကျန်းမားရေးဝန်ထမ်းများအား ကြိုတင်ပြင်ဆင်ထားရှိရန်၊မုန်တိုင်းငယ်ကျရောက် လာပါက ဘေးလွတ်ရာသို့ပို့ဆောင်ပေးနိုင်မည့် နေရာများအားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မလွတ်လပ်သောသစ်ပင်သစ်ကိုင်းများ မီးကြိုးများအား လိုက်လံရှင်းလင်းထားခြင်းများ ဆောင်ရွက်ထားရှိရန် လယ်မြေများရှိ တမံများအား မုန်တိုင်းငယ်ဝင်ရောက်ခဲ့ပါက လိုအပ်လျှင်ဖောက်ချရမည်ဖြစ်ကြောင်း သတင်းများအား အချိန်နှင့်တပြေးညီ ပေးပို့နိုင်ရေးအကြောင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးကို မြို့နယ်စီမံအုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒလ(ပြန်/ဆက်)