ဆီဆိုင်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

ဆီဆိုင် မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးရွာရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား စာရင်းမှတ်တမ်းရေး သွင်းကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ပေး၍ ပုံမှန် အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

မျိုးမြတ်(ဆီဆိုင်)