မြန်အောင်မြို့မရဲစခန်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

မြန်အောင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့၊  မြန်အောင်မြို့မရဲစခန်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောပွဲနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ  မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်က မြို့မရဲစခန်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူက နေအိမ်လိုင်းခန်းများ အနေဖြင့် မီးဖိုမီးသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ လျှပ်စစ်မီးသုံးစွဲရာ တွင် လိုက်နာရမည့်အချက်များကို ဟောပြောပြီး ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ယုက တပ်ဖွဲ့ဝင်မိသားစုများ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရန် သိရှိလိုက်နာရမည့် အချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူ၊ ဒုတိယဦးစီးမှူး ဦးသန်းဝင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်၍ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ယု၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)