နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူ ၁၈၇ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်

နမ္မတူ မတ်၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသား ကတ်အလွယ်တကူ ကိုင်ဆောင် ခွင့်ရရှိစေရန်ရည်ရွယ်၍ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ ၁၈၇ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ ပန်လုံကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်တို့က ပန်လုံကျေးရွာ အုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ (၁၈၇) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၈၇) ကတ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိ စေရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး များအား ရှင်းလင်းပြောကြားပြီး မြန်မာ/ရှမ်း နှစ်ဘာသာ ဖြင့် ရိုက်နှိပ်ထားသော ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များအား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အခမဲ့ဖြန့် ဝေပေးခဲ့သည်။

ထို့အပြင် မြို့နယ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း (၇) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မဲစာရင်းနှင့်ပုံစံ (က) ဇယား စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိသည့်တိုင်းရင်းသားပြည်သူ (၇၇) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထပ်မံထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။

လူမော် (ပြန်/ဆက်)