စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ

စဉ့်ကူး မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မတ်လ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား Mobile အဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းကာကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စဉ့်ကူးမြို့နယ်ရှိ ရွှေလှေကျေးရွာနှင့် ကျီတော်ကုန်းကျေးရွာတို့တွင် ဒေသခံပြည်သူ များအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများအား Mobile အဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ် အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသား များအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက်လျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရ သေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)