ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး တောင်သူအများစုသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောပြသည်။

ကြက်သွန်စိုက်ပျိုးရာတွင် အပင်စိုက်နှင့် ဥစိုက် (၂)မျိုးရှိပြီး ဥစိုက်သည် တူးဖော်ပြီးသည်နှင့် ကြာရှည်အထားမခံသည့်အတွက် ပေါက်ဈေးဖြင့် ရောင်းချရကြောင်း၊ အပင်စိုက်သည် တူးဖော်ပြီး ဈေးကွက်မကြိုက်ပါက လှောင်၍ထားနိုင်ကြောင်းနှင့် အပင်စိုက်ကြက်သွန်ဈေးနှုန်းသည် ဥအရွယ်အစားအပေါ်မူတည်ကာ တစ်ပိဿာလျင် ငွေကျပ် (၅၀၀)မှ (၆၀၀)ကျပ်အထိ ရောင်းချရကြောင်း ကျီးပြကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာမှ ကြက်သွန်စိုက် တောင်သူ ဦးကြည်စိုးက ပြောပြသည်။

ကြက်သွန်တစ်ဧကစိုက်ပျိုးမည်ဆိုပါက ငွေကျပ် (၇)သိန်းနီးပါး ကုန်ကျကြောင်း အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားနှင့် အပင်အပြုအစုအပေါ်မူတည်ပြီး တစ်ဧက ပိဿာချိန် (၃၀၀၀)နှင့် (၃၅၀၀)အကြား ထွက်ရှိကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်းစိုက်ဧက (၈၄၈၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်