မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်

မောက်မယ် မတ်၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး ပေးအပ်ခဲ့ပြီး ယနေ့နံနက် ၉ နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ ပေးသွားကြောင်း သိရသည်။

ထိုသို့ဆက်လက်ထောက်ပံ့ပေးရာတွင် မိမိရပ်ကွက်အတွင်းရှိ အသက်၂ နှစ်အောက် ကလေးငယ်များ (၇)ဦးအတွက် တစ်ဦးလျှင် ကျပ်လေးသောင်းငါးထောင်နှုန်းဖြင့် လည်းကောင်း၊ စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်(၂)လရှိ မိခင်တစ်ဦးအတွက် (၁၅၀၀၀)ကျပ်၊ ကိုယ်ဝန် (၃)လရှိ မိခင်တစ်ဦးအတွက် (၃၀၀၀၀)ကျပ်၊ ကိုယ်ဝန် (၄)လနှင့်အထက်ရှိ မိခင်တစ်ဦးအတွက် (၄၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ (၁၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၁၁၀၀၀၀/-)ကျပ်အား သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးသွားခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်