ဆင်ပေါင်ဝဲ မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေးအတွက် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးများအား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အလေ့အကျင့် ကောင်းများ ပေါ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းပြည်ချစ်စိတ်ရှိရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခိုင်စုစုကျော်က အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေး အကြောင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် အားကစားနှင့်ကာယပညာ ဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခိုင်စုစုကျော်က အားကစားပစ္စည်းများ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စုစုပေါင်း ၃၅၀ ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)