နောင်ချိုမြို့နယ်တွင် ကျောင်းသား /သူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နောင်ချို မတ် ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသား/ သူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန်းသန်းထွေးက ကျောင်းသား/သူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ပညာဂုဏ် ပြည့်စုံဖို့ကြိုးစားကြရန်၊ မိမိစာပေနှင့် မိမိလူမျိုးယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင် လေးစား မြတ်နိုးတန်ဖိုးထားတက်ရန်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်နန်းခင်မြတ်ဝါက "လူငယ်နဲ့ရည်မှန်းချက်""လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွှေးဟောပြောခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွှေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ် (ပြန်ဆက်)