ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပ

ဒဂုံဆိပ်ကမ်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံစီမံခန့်ခွဲရေးရုံး၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လ/ထညွန်ကြားရေးမှူး ဦးကိုကိုကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းတို့မှ မီးဘေးလုံခြုံ အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ၊ အစိုးရဌာနဆိုင်ရာ ရုံးများအပြင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူး နေ၀င်းအောင်၊ မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးလှကြည်၊ ဌာနဆိုင်ရာများ၊ စက်မှုဇုံမှ တာ၀န်ရှိသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့