မော်လိုက်မြို့(အထက)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လိုက် မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူလေးများ နွေရာသီအားလပ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ စုံညီခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလွင်ထွန်း က စိတ်ဓာတ်ကောင်းဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်နှင့် အကျင့်စာရိတ္တ၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထိန်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အ.ထ.က(မော်လိုက်) ကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းလွင်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ အ.ထ.က(မော်လိုက်)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းအိခိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး